Wednesday, September 4, 2013

လူတွေကတော့ ပဲ့တင်သံလိုခေါ်ကြတယ်



သားအဖနှစ်ယောက် တောင်ကြားလမ်းတစ်လျှောက် လမ်းလျှောက်လာကြတယ် ...။

လျှောက်လာရင်းနဲ့ ရုတ်တရက် သားလေးဟာ ခြေခေါက် လဲသွားသတဲ့ ... တော်တော်လဲ နာသွားလေတော့ "အားးးးးးးးးးးးးးးးးးးးးးးး!!" ဆိုပြီး အကျယ်ကြီးအော်လိုက်မိသတဲ့ ...

အဲဒီ့အချိန်မှာ တောင်တစ်နေရာကနေ သူ့လိုပဲ "အားးးးးးးးးးးးးးးးးးးးးးးး!!" ဆိုပြီး ထပ်တလဲလဲထွက်ပေါ်လာတဲ့အသံကို ကြားလိုက်တော့ သားလေးလည်း တော်တော်အံ့သြသွားတဲ့ ....။

စူးစမ်းချင်တဲ့စိတ်တွေနဲ့ သားလေးက ထပ်အော်တယ် ... "မင်းဘယ်သူလဲကွ"

အသံတွေပြန်ကြားရပြန်ရောတဲ့ ... "မင်းဘယ်သူလဲကွ"

ကောင်လေးဟာ ဒေါသနည်းနည်းထွက်လာပြီး ထပ်အော်ပြန်တယ် .. "ဟေ့ကောင် ... ငကြောက်ကြီး"

အသံပြန်ကြားရပြန်ရော ... "ဟေ့ကောင် ... ငကြောက်ကြီးးးးး"

အဲတော့မှ သူ့အဖေကို ကြည့်ပြီး မေးသတဲ့ ... "အဲဒါ ဘာဖြစ်လို့လဲ ဖေဖေ"

အဖေဖြစ်သူဟာ အပြုံးနဲ့ သူ့သားလေးကိုလှမ်းကြည့်ရင်း "သား ... ခဏလေး ... ကြည့်နေနော်" လို့ပြောသတဲ့ ...။

ပြီးတော့မှ တောင်တွေဆီကိုမျက်နှာမူပြီး အော်လိုက်တယ် ... "ငါမင်းကိုလေးစားတယ်!!"

အသံကလဲ ပြန်ပြောသတဲ့ "ငါမင်းကိုလေးစားတယ်!!"

အဖေလုပ်သူက ထပ်အော်ပြန်တယ် ... "မင်းကအောင်မြင်သူပဲ!!!"

အသံကလဲ "မင်းကအောင်မြင်သူပဲ!!!"

သားလေးဟာ အရမ်းအံ့အားသင့်သွားတယ် ... ဒါပေမယ့် ခုထိတော့ နားမလည်နိုင်သေးဘူး ..။

အဲတော့မှ ဖခင်လုပ်သူက ရှင်းပြသတဲ့ ...

"လူတွေက အဲဒါကို ပဲ့တင်သံ လို့ ခေါ်ကြတယ် သားရဲ့ ...။ ဒါပေမယ့် တကယ်တော့ အဲဒါက ဖေဖေတို့ရဲ့ဘ၀တွေနဲ့ ပုံစံချင်း တူတယ် ...။
သားပြောလိုက်တဲ့ စကားသံအတိုင်းပဲ ထပ်ခါတလဲလဲပြန်ကြားရတယ် မဟုတ်လား။
ဖေဖေတို့ လက်ရှိရနေတဲ့ ဘ၀တွေဟာ ဖေဖေတို့ ပြုလုပ်ဆောင်ရွက်ခဲ့တာတွေရဲ့ တန်ပြန်သက်ရောက်မှုတွေပဲ ...။
တကယ်လို့ သားပါဝင်ရတဲ့အသင်းတစ်သင်းမှာ စွမ်းရည်မြင့်မားတာကို လိုချင်ရင်, သားကိုယ်တိုင်ရဲ့ စွမ်းရည်ကို အရင်မြှင့်ရမယ် ...။
တကယ်လို့ သားကိုလူတွေချစ်ကြခင်ကြတာကို လိုချင်ရင် ... သားကိုယ်တိုင်ရဲ့ နှလုံးသားထဲမှာလဲ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေအောင် အရင်လုပ်ရမယ် ...။
ဒီဆက်နွယ်မှုဟာ အရာရာတိုင်းမှာ သက်ရောက်မှုရှိတယ်ကွဲ့ ...။ ဘ၀ရဲ့ ကဏ္ဍတွေအားလုံးအတွက်ပေါ့ ...။
ဘ၀ကြီးက သားသူ့ကိုပေးခဲ့တဲ့အတိုင်း သားကို ပြန်ပေးလိမ့်မယ်"

ဘ၀ရဲ့ဖြစ်တည်မှုတွေဟာ ပုံသေကားချပ်လို တသမတ်တည်း ဖြစ်နေတာ မဟုတ်ဘူး ..။ ကိုယ့်ရဲ့လုပ်ဆောင်မှုပုံရိပ်တွေက ရောင်ပြန်ဟပ်နေတာပါ ..။

(title: People call this ECHO, but really this is LIFE
author: Unknown)

(အလင်္ကာမေကျော်)

No comments:

Post a Comment