Thursday, September 5, 2013

အလုပ် နဲ့ ပျော်ရွှင်မှု


တံငါသည် တစ်ယောက်ဟာ ကမ်းခြေနားမှာရှိတဲ့ အပင်တစ်ပင်ရဲ့ အရိပ်အောက်မှာ ထိုင်ရင်း အေးအေးဆေးဆေးပဲ ဆေးပေါ့လိပ်လေးဖွာနေတယ် ...။

အဲဒီ့အချိန်မှာ ချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက် လမ်းလျှောက်လာရင်း သူထိုင်နေတဲ့ နေရာ အနားကိုရောက်လာသတဲ့...။

ပြီးတော့ စီးပွားရေးသမားကပဲ စကားစပြီး မေးမြန်းတာပေါ့လေ ... "ခင်ဗျား အလုပ်မသွားဘူးလား ... ဘာကြောင့် ဒီအပင်အောက်မှာ ထိုင်နေရသလဲ" ဆိုပြီးတော့ပေါ့ ..။
အဲတော့ တံငါသည်က ပြန်ဖြေတယ် ... "ကျွန်တော် ဒီနေ့အတွက် ငါးတွေရပြီးသွားပြီ" တဲ့ ...။

အဲလိုလဲ ကြားလိုက်ရော .. စီးပွားရေးသမားဟာ စိတ်အလိုမကျဖြစ်သွားပြီးတော့ ဒီလိုဆက်ပြောတယ် ...

စီးပွားရေးသမား : ခင်ဗျား ဘာလို့ ငါးတွေ ထပ်ရအောင် ဆက်မဖမ်းပဲနဲ့ ဒီအရိပ်အောက်မှာ ဘာလို့ အချိန်လာဖြုန်းနေရတာလဲ?


တံငါသည် : ငါးတွေထပ်ရတော့ ကျွန်တော် ဘာဆက်လုပ်နိုင်မလဲဟင်?

စီးပွားရေးသမား : ခင်ဗျား ငါးတွေ ထပ်ရတော့ ... အဲဒီ့ ငါးတွေကိုရောင်းရင် ပိုက်ဆံတွေ ပိုရမယ် ... အဲဒါတွေကို စုထားရင် ခဏလေးနဲ့ ဒီ့ထက်ကြီးတဲ့ လှေတစ်စီး ၀ယ်နိုင်မှာပေါ့။

တံငါသည် : အဲဒီ့တော့ ကျွန်တော် ဘာဆက်လုပ်နိုင်မလဲဟင်?

စီးပွားရေးသမား : ခင်ဗျား ဒီ့ထက်ဝေးတဲ့နေရာတွေကိုသွားပြီး ငါးဖမ်းနိုင်မယ် ... အဲတော့ ငါးတွေ ပိုပိုပြီးရမယ် ... အဲဒါတွေကိုရောင်းရင် ပိုက်ဆံတွေ ဒီ့ထက်အများကြီးထပ်ရမှာပေါ့။

တံငါသည် : အဲလိုဆိုတော့ ကျွန်တော် ဘာဆက်လုပ်နိုင်ဦးမလဲဟင်?

စီးပွားရေးသမား : အဲတော့ ခင်ဗျား လှေတွေအများကြီးထပ်ဝယ်နိုင်သွားမယ် ... ပြီးတော့ ခင်ဗျားအတွက် အလုပ်လုပ်ပေးမယ့် လူတွေငှားနိုင်သွားမယ် ... ပိုက်ဆံတွေ ထပ်ထပ်ပြီး များများရလာမှာပေါ့ ..။

တံငါသည် : အဲဒီ့တော့ ကျွန်တော် ဘာဆက်လုပ်နိုင်မလဲဟင်?

စီးပွားရေးသမား : အော်... အဲဒီ့အချိန်ရောက်တော့ ခင်ဗျားလည်း ကျွန်တော့်လိုပဲ သူဌေးတစ်ယောက်ဖြစ်သွားပြီပေါ့ဗျာ ...။

တံငါသည် : အဲဒီ့အချိန်ဆိုရင်ရော ကျွန်တော် ဘာဆက်လုပ်နိုင်မလဲ?

စီးပွားရေးသမား : အဲဒီ့အချိန်ရောက်ရင်တော့ ခင်ဗျားဘ၀ကြီးက အေးချမ်းပြီးပျော်ရွှင်စရာကောင်းသွားပြီပေါ့ဗျာ ...။

တံငါသည် : အဲလိုဆိုရင်တော့ ... ကျွန်တော့်အခုဘ၀လည်း အဲလိုပဲလို့ ခင်ဗျား မထင်မိဘူးလားဗျာ ...။

ဒီ story လေးကို ဖတ်ပြီး စာဖတ်သူ မိတ်ဆွေတို့ ဘယ်လို ထင်မြင်ယူဆမိပါသလဲ ...။
သူတို့ နှစ်ယောက်ပြောတာမှာ ဘယ်သူမှန်တယ်လို့ထင်လဲ ...
ကိုယ့်အမြင်လေးပေါ့ ... ဆွေးနွေးပေးကြပါလား ...။

(အလင်္ကာမေကျော်)

No comments:

Post a Comment