Wednesday, September 4, 2013

ကျွန်တော့်ရဲ့နတ်သမီး


ကလေးလေးတစ်ယောက် မွေးဖွားခါနီးအချိန်ပေါ့ ...။

ကလေးလေး အဖြစ် လူ့လောကထဲကိုရောက်ရှိလာမယ့်သူက ဘုရားသခင်ကိုမေးသတဲ့ ...

"ကျွန်တော် ဒီလို အကူအညီမဲ့နေတဲ့ သေးသေးလေးဘ၀နဲ့ ကမ္ဘာကြီးမှာ ဘယ်လိုများ နေထိုင်ရမှာလဲ"

အဲတော့ ဘုရားသခင်က ပြန်ဖြေတယ် ...။
"နတ်သမီးတွေ အများကြီးထဲကနေပြီးတော့ မင်းအတွက် နတ်သမီးတစ်ပါးကို ရွေးချယ်ပေးထားတယ် ..။ သူက မင်းကို စောင့်မျှော်နေတယ် ..။ ပြီးတော့ မင်းကို ဂရုစိုက်ကြင်နာလိမ့်မယ်။"



"ဒါပေမယ့် ... တစ်ခုလောက်ပြောပြပါဦး .. အရှင်။ အခုကောင်းကင်ဘုံမှာ ကျွန်တော် ထွေထွေထူးထူး လုပ်စရာမရှိပါဘူး ...။ ဒါပေမယ့် ... သီချင်းသီဆိုတယ် ... အပြုံးတွေဖန်တီးတယ် ... ဒါလောက်နဲ့တောင် ကျွန်တော် ပျော်ရွှင်ဖို့ လုံလောက်ပါတယ်.."

"မင်းရဲ့ နတ်သမီးက မင်းကို သီချင်းတွေဆိုပြပြီး မင်းအတွက် နေ့တိုင်း ပြုံးနေလိမ့်မယ် ...။ အဲတော့ မင်းဟာ မင်းရဲ့နတ်သမီးရဲ့ ချစ်ခြင်းမေတ္တာကို ခံစားသိရှိပြီး ပျော်ရွှင်ရလိမ့်မယ် ...။"

"ပြီးတော့ ... ကျွန်တော့်ကို လူတွေလာစကားပြောတဲ့အချိန်မှာ ကျွန်တော် ဘယ်လိုနားလည်နိုင်ပါ့မလဲ .. သူတို့ပြောတဲ့ ဘာသာစကားကို ကျွန်တော်မှ မသိတာ ..."

"မင်းရဲ့ နတ်သမီးဟာ မင်းကြားနိုင်ဖို့ လှပပြီး ချိုမြိန်တဲ့ စကားလုံးလေးတွေကို ပြောပြလိမ့်မယ် ... သူမဟာ စိတ်ရှည်ရှည်နဲ့ ဂရုတစိုက်ပဲ မင်းကိုပြောတတ်ဆိုတတ်အောင် သင်ကြားပေးလိမ့်မယ် ..."

"နောက်ပြီးတော့လေ .... ကျွန်တော် အရှင့်ကိုစကားပြောချင်တဲ့ အချိန်ဆိုရင်ရော ဘယ်လိုလုပ်ရပါ့မလဲ"

"မင်းနတ်သမီးက မင်းရဲ့လက်လေးတွေကို ဆုပ်ကိုင်စေပြီး ဘယ်လို ဆုတောင်းစကားဆိုရမလဲဆိုတာကို သင်ပေးမှာပေါ့ကွယ် ..."

"ကမ္ဘာဆိုတဲ့နေရာမှာ ဆိုးဝါးတဲ့လူတွေရှိတယ်လို့ ကျွန်တော်ကြားဖူးတယ် ...။ အဲဒါမျိုးနဲ့ ကြုံတွေ့ရင်ရော ကျွန်တော့်ကို ဘယ်သူကာကွယ်ပေးမှာလဲ"

"မင်းရဲ့နတ်သမီးက မင်းကို ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ် ... မင့်ဘ၀ကြီးမှာ အခက်အခဲတစုံတရာနဲ့ တွေ့တဲ့အချိန်တောင်မှပေါ့"

"ဒါပေမယ့် ကျွန်တော် အရမ်းဝမ်းနည်းတာပဲ ... ကျွန်တော် အရှင့်ကို နောက်ထပ် တွေ့ရတော့မှာ မဟုတ်ဘူးလေ .."

"မင်းရဲ့နတ်သမီးက ငါ့အကြောင်း မင်းကိုအမြဲပြောပြပေးလိမ့်မယ် ... မင်းငါ့ဆီပြန်လာလို့ရမယ့် နည်းလမ်းတွေလည်းအပါအ၀င်ပေါ့ ..။ ဒါကြောင့် ငါက မင်းရဲ့အနားမှာ အမြဲရှိနေသလိုဖြစ်နေမှာပေါ့ကွယ် ...။"

အဲဒီ့အချိန်မှာ ....

ကောင်းကင်ဘုံမှာ ငြိမ်းချမ်းမှုတွေနဲ့အပြည့်ရှိနေပေမယ့် ကမ္ဘာမြေကအကြောင်းအရာတွေလဲ ကြားလိုက်ရော ကလေးဟာ ငြင်ငြင်သာသာနဲ့ ခပ်သွက်သွက်လေး ထပ်ပြောသတဲ့ ...။

"အိုး ... ဘုရားသခင် ...။ အခုပဲ ကျွန်တော် သွားပါတော့မယ် ...။ ကျေးဇူးပြုပြီး ကျွန်တော့ နတ်သမီးရဲ့ နာမည်လေးကိုပြောပြပေးပါ ...။"

"မင်းနတ်သမီးရဲ့ နာမည်က အရေးမကြီးပါဘူးကွယ် ... ဒါပေမယ့် မင်းသူ့ကို ခေါ်မယ့် နာမည်တော့ရှိပါတယ် ... မေမေ ... တဲ့"

(မိခင်ကိုချစ်ကြတဲ့သူတိုင်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်ရှင်...။ Mommy ဆိုတဲ့ story လေးကို ဘာသာပြန်ထားတာပါ ..။)

(အလင်္ကာမေကျော်)

No comments:

Post a Comment