Wednesday, September 4, 2013

မေမေ့အတွက်အချိန်


အမျိုးသမီးတစ်ယောက်ဟာ မိုင်၂၀၀ကျော်လောက်ဝေးတဲ့ မြို့လေးမှာနေထိုင်တဲ့ မိခင်အတွက် ပန်းလက်ဆောင် ပို့ပေးဖို့ ပန်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်တယ် ...။

ကားထဲက အပြင်ကိုထွက်လိုက်ရော ... ပလက်ဖောင်းပေါ်မှာ ထိုင်ပြီး ငိုနေရှာတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့လိုက်သတဲ့ ...။

အဲဒါနဲ့ အမျိုးသမီးလည်း အဲဒီ့ကောင်မလေးနားကိုသွားပြီး ဘာများဖြစ်လို့လဲဆိုပြီး မေးလိုက်သတဲ့ ...။
အဲတော့ ကောင်မလေးက ..
"သမီးရဲ့အမေ အတွက် နှင်းဆီနီလေး တစ်ပွင့်လောက် ၀ယ်ချင်လို့ပါရှင် ... နှင်းဆီပန်းတစ်ပွင့်က ၂ဒေါ်လာ ဖြစ်သွားပြီတဲ့ ... သမီးမှာ ၇၅ဆင့်ပဲရှိတယ် ... "



အဲလိုလဲကြားရော အမျိုးသမီးက ပြုံးလိုက်ပြီး...
"အန်တီ သမီးအတွက် နှင်းဆီပန်းတစ်ပွင့် ၀ယ်ပေးပါ့မယ်ကွယ် ..."

ပြောပြောပြီးချင်း အမျိုးသမီးဟာ ကောင်မလေးကို ဆိုင်ထဲခေါ်သွားပြီး နှင်းဆီပန်းတစ်ပွင့် ၀ယ်ပေးလိုက်တယ် ... သူ့အမေအတွက် ပန်းတွေလည်း အော်ဒါမှာလိုက်တာပေါ့ ..

လုပ်စရာအားလုံး ပြီးသွားပြီး ဆိုင်ထဲကနေ ထွက်လာတော့ အမျိုးသမီးက ကောင်မလေးကို "သမီးသွားမယ့်နေရာ အန်တီလိုက်ပို့မယ်လေ" ဆိုပြီး ပြောသတဲ့..။

အဲတော့ ကောင်မလေးက "ဟုတ်ကဲ့ အန်တီ ..။ ကျေးဇူးအများကြီးတင်ပါတယ် ...။ ဒါဆို သမီးကို သမီးအမေဆီကို လိုက်ပို့ပေးပါနော် ..."

ကားပေါ်လဲရောက်ရော ကောင်မလေးဟာ သင်္ချိုင်းတစ်ခုဆီကို လမ်းညွှန်သတဲ့ ...။
သူ့အမေထာဝရအိပ်စက်နေတဲ့ အုတ်ဂူလေးမှာ သူ့အမေအတွက် နှင်းဆီပန်းလေး သွားထားပေးဖို့ပေါ့ ...။

အမျိုးသမီးဟာ ကောင်မလေးကို လိုက်ပို့အပြီး ပန်းဆိုင်ကို နောက်တခေါက်ပြန်လာခဲ့တယ် ... သူမှာထားတဲ့ အော်ဒါကိုလည်း ဖျက်လိုက်သတဲ့ ...။ ပြီးတော့ ပန်းစည်းလေးတစ်စည်းကို ၀ယ်ယူပြီး မိုင်နှစ်ရာကျော်ဝေးတဲ့ သူ့မိခင်ရဲ့အိမ်ရှိရာကို ချက်ချင်းကားမောင်းပြီး ထွက်သွားပါသတဲ့ကွယ် ...။

{Take Time For Your Mother ကိုဆီလျှော်အောင် ဘာသာပြန်ပါသည်}

- အလင်္ကာမေကျော် -

No comments:

Post a Comment