Wednesday, September 4, 2013

စစ်သားလေးတစ်ယောက်အကြောင်း

ဒီဇာတ်လမ်းလေးဟာ ဗီယက်နမ်စစ်ပွဲအပြီး အိမ်ပြန်ခွင့်ရခဲ့တဲ့ စစ်သားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ...။

စစ်သားလေးဟာ သူ့အိမ်ကို San Francisco ကနေ ဖုန်းခေါ်ပါတယ် ....။
"အဖေနဲ့ အမေ ... သား အိမ်ပြန်လာတော့မယ် ... ဒါပေမယ့် တခုတော့ ပြောချင်ပါတယ် ... ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကို အိမ်ခေါ်လာချင်တယ် ... ရမလား ..."

အဲတော့ မိဘတွေက ... "ရတာပေါ့ သားရယ် ... ဖေဖေတို့လဲ သားသူငယ်ချင်းကို တွေ့ချင်ပါတယ် ..."



အဲတော့ သားဖြစ်သူက ဆက်ပြောတယ် ...
"ဒါပေမယ့် ဖေဖေတို့ ကိုပြောချင်တာကလေ ... သူက စစ်ပွဲမှာ တိုက်ရင်း ခိုက်ရင်းနဲ့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့တယ် ... မိုင်းနင်းမိလို့ သူ့ရဲ့ ခြေထောက်တစ်ဘက်နဲ့ လက်တစ်ဘက်ပြတ်သွားရှာတယ် ... သူ့မှာ အခုအချိန် ဘယ်မှသွားစရာမရှိဘူး ... သူ့ကို သားတို့မိသားစုနဲ့တူတူ ခေါ်ထားချင်တယ် ...."

"ကြားရတာ စိတ်မကောင်းပါဘူး သားလေးရယ် ... အဖေတို့ သူ့အတွက် နေဖို့နေရာတစ်နေရာ ရှာပေးနိုင်မှာပါ"

"မဟုတ်ဘူး ... ဖေဖေနဲ့ မေမေ ... သူ့ကို သားတို့နဲ့ပဲ တူတူနေစေချင်တယ် ..."

"သား ...." ဆိုပြီး အဖေဖြစ်သူက ပြောတယ် ...
"မင်းဟာမင်း ဘာတွေပြောနေတယ်ဆိုတာ သိရဲ့လားကွယ် .... အဲလိုမျိုးလူတစ်ယောက်ရှိတာဟာ အဖေတို့အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမှာကွဲ့ ... အဖေတို့တွေမှာ ကိုယ်ပိုင်ဘ၀တွေရှိတယ်လေ ... ဒီလိုမျိုးဖြစ်နေတဲ့ သူတစ်ယောက်ကို အဖေတို့ဘ၀တွေထဲ ဆွဲသွင်းဖို့ ဘယ်ဖြစ်လိမ့်မလဲ .... အဖေဖြစ်စေချင်တာက ... အိမ်ကို အခုပဲသားပြန်လာလိုက် ... ပြီးတော့ အဲဒီ့သူငယ်ချင်းအကြောင်းကို မေ့လိုက်စေချင်တယ် ... သူ့ဘ၀အတွက် အသက်ရှင်ဖို့ နည်းလမ်း သူ့ဟာသူရှာသွားပါလိမ့်မယ်ကွယ် ...."

အဲလိုလဲဆိုရော ... သားဖြစ်သူဟာ ဖုန်းကို ချက်ချင်းချလိုက်ပါသတဲ့ ...။ အဲဒီ့နောက်ပိုင်း မိဘတွေဟာ သားဖြစ်သူဆီကနေ အဆက်အသွယ် လုံးဝကိုမရတော့ဘူးတဲ့ ...။ ရက်အနည်းငယ်လဲကြာရော ... San Francisco ရဲဌာနက ဖုန်းဆက်လာသတဲ့ ... ။ သူတို့သားလေး တိုက်ပေါ်ကပြုတ်ကျလို့ဆိုတဲ့ အကြောင်း အကြောင်းကြားတာဖြစ်ပါတယ် ...။ ရဲတွေကတော့ ကိုယ့်ဟာကိုယ်သတ်သေမှုလို့ပဲ ယူဆကြတယ် ...။

အရမ်းကို ၀မ်းနည်းပူဆွေးမှုတွေနဲ့ ထိခိုက်နာကျင်ခံစားနေရတဲ့ မိဘတွေဟာ San Francisco ကို အမြန်သွားပြီး သူတို့သားဟုတ်မဟုတ် အဆုံးအဖြတ်ပြုဖို့အတွက် အလောင်းထားတဲ့နေရာကို သွားခဲ့ကြတယ် ...။

ဟိုလည်းရောက်ရော သူတို့တွေ့မြင်လိုက်ရတာကတော့ သူတို့သားလေးဟာ လက် တစ်ဖက်ရယ် ... ခြေထောက် တစ်ဖက်ရယ်ပဲ ရှိနေပါသတဲ့ ...။

title & author : unknown

{ဒီဇာတ်လမ်းလေးကို ဖတ်ပြီးအချိန်မှာ ကျွန်မရင်ထဲမှာ ဆို့နင့်သွားခဲ့ပါတယ် ..။ မိဘတွေကတော့ တစိမ်းတစ်ယောက်လို့ထင်ပြီး ပြောလိုက်တာပေါ့လေ ..။ သူတို့သားကိုယ်တိုင် ဖြစ်နေတယ်လို့ မသိရှာကြဘူး ...။ သားဖြစ်သူကလဲ မိဘတွေကို ဒုက္ခမပေးချင်ဘူး ...။
မိဘတွေနေရာကလည်း ကိုယ်ချင်းစာမိသလို သားနေရာကလဲ ကိုယ်ချင်းစာမိပါတယ် ...။ }

translated by အလင်္ကာမေကျော်

No comments:

Post a Comment