Wednesday, September 4, 2013

ဘယ်တော့မှ လက်မလျှော့ပါနဲ့


တစ်နေ့မှာ လယ်သမားကြီးတစ်ယောက်ရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းပျက်ထဲကိုကျသွားသတဲ့ ...။

အဲတော့ .... မြည်းဟာ သနားစဖွယ်အော်နေရှာသတဲ့ ... လယ်သမားကြီးလဲ ဘာလုပ်ရမယ်ဆိုတာကို အကြံထုတ်နေရတော့တာပေါ့ ...။

" မြည်းဟာ အတော်လဲအိုနေပြီ ... ဒီရေတွင်းပျက်ဟာလည်း ပြန်လည်ပြုပြင်ဖို့လိုအပ်နေပြီ ... အဲဒီ့ရေတွင်းပျက်ထဲက မြည်းအိုကို ပြန်ယူဖို့ဆိုတာ သိပ်တော့ မတန်လှပေဘူးပေါ့ ...။ "

နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး သူ့အိမ်နီးချင်းတွေကို လာပြီး ကူညီကြဖို့ ဖိတ်လိုက်သတဲ့ ...။

အိမ်နီးချင်းတွေဟာ ပေါက်ပြားကိုယ်စီကိုင်ပြီးရောက်လာကြတယ် .. ပြီးတော့ ရေတွင်းပျက်ထဲကို အမှိုက်တွေ မြေကြီးတွေနဲ့စတင်ဖို့ကြသတဲ့ ....။



မြည်းဟာ ဘာတွေဖြစ်သလဲ သိသိချင်းတော့ ကြောက်ကြောက်လန့်လန့်နဲ့ အော်ဟစ်တာပေါ့ ...။ နောက်တော့ ... အံ့အားသင့်ဖွယ် ငြိမ်သက်သွားတာကို တွေ့ရတယ် ...။

တော်တော်များများ မြေဖို့လို့လဲ ပြီးရော ... လယ်သမားကြီးဟာ ရေတွင်းထဲကိုကြည့်လိုက်တယ်...။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အတော်လဲ အံ့အားသင့်သွားတယ်တဲ့...။

အမှိုက်တွေ မြေကြီးတွေ အကုန်နီးပါး မြည်းရဲ့ကျောပေါ်ကိုကျခဲ့ပေမယ့် ... မြည်းဟာ အံ့အားသင့်ဖွယ်ရာတစ်ခုကို ပြုလုပ်ခဲ့တာကို အားလုံး မျက်ဝါးထင်ထင်မြင်လိုက်ရတယ်တဲ့ ...။
သူက သူ့ကျောပေါ် ကျလာသမျှကို ခါထုတ်ပြီး ... အဲဒီ့ပေါ်မှာ တက်တက်ပြီး ရပ်လာခဲ့တယ်တဲ့ ...။

လယ်သမားကြီးနဲ့ အိမ်နီးချင်းတွေ ... အမှိုက်တွေ မြေကြီးတွေနဲ့ ဖို့တိုင်း ဖို့တိုင်း.. ခါထုတ်လိုက် တက်ရပ်လိုက် လုပ်နေသတဲ့ ...။

သိပ်မကြာခင်မှာပဲ ... မြည်းဟာ ရေတွင်းရဲ့နှုတ်ခမ်းနားကို ရောက်လာပြီး တုန်တုန်ရီရီနဲ့ အပြင်ကို ကျော်ထွက်လာတာကို အားလုံးအံ့အားသင့်ဖွယ်တွေ့ခဲ့ရသတဲ့ကွယ် ...။

မှတ်သားဖွယ်: ဘ၀ဟာ တခါတလေ သင့်ကို အမှိုက်ကဲ့သို့သော အရာတွေ ပေးကောင်းပေးနိုင်ပါလိမ့်မယ် ...။ အဲလိုကြုံလာရရင် သင်ဟာ အဲဒီ့ထဲကို နစ်မြုပ်သွားရမှာ မဟုတ်ပါဘူး ...။ ဘယ်လောက်ပဲ နက်တဲ့ရေတွင်းပဲ ဖြစ်ပါစေ မလျှော့သောဇွဲနဲ့ရအောင် တက်ရမယ် ...။ ဘယ်တော့မှလဲ လက်မလျှော့ပါနဲ့ ...။ အမှိုက်တွေကို ခါထုတ်ပါ ... အဲဒီ့အပေါ်မှာ သင် တက်ရပ်ပါ !!!

[Never to Give Up ကိုဆီလျှော်အောင် ဘာသာပြန်ပါသည်]
translated by အလင်္ကာမေကျော်

No comments:

Post a Comment