Tuesday, September 3, 2013

ကျွမ်းကျင်ခြင်းရဲ့ တန်ဖိုး


အလွန်ကြီးမားတဲ့ သင်္ဘောကြီးတစ်စင်းရဲ့ စက်ပိုင်းမှာ ပြဿနာရှိနေပုံရပါတယ်။
အတော်ဆုံးလို့ထင်ရတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ကိုခေါ်ပြီး ပြင်ခိုင်းပေမယ့်လည်း ဘယ်သူကမှ မပြင်နိုင်ကြဘူး ...။ (ခုခေတ် မဟုတ်ဘူးနော် ... ကြိုပြောထားတာ ... ဟိဟိ ^_^)

ငယ်ငယ်တည်းက သင်္ဘောတွေ လိုက်လံ ပြုပြင်လာတဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်ဆိုပြီး မိတ်ဆွေတစ်ယောက်က အကြံပေးတော့ သင်္ဘောပိုင်ရှင်တွေက အဲဒီ့ အဘိုးကြီးကို သင်္ဘောပြင်ဖို့အတွက် ငှားရမ်းလိုက်သတဲ့ ...။

အဲတော့ အဘိုးကြီးလဲ သင်္ဘောပြင်ဖို့ ပစ္စည်းကိရိယာ အစုံအလင်ပါတယ် အိတ်ကြီးကို လွယ်ပြီးရောက်လာပါလေရော။ ရောက်ရောက်ချင်းပဲ ပြင်ဖို့ဆင်ဖို့ အလုပ်စတယ်။ သင်္ဘောရဲ့ စက်ကို သေသေချာချာ နှံ့နှံ့စပ်စပ် စစ်ဆေးတယ် ...။



သင်္ဘောပိုင်ရှင်တွေက အဘိုးကြီးသင်္ဘောပြင်တဲ့နေရာကိုရောက်လာပြီး လာကြည့်ကြတယ် ...။ ဖြစ်နေတဲ့ ပြဿနာကို အဘိုးကြီးသိပါစေဆိုပြီးလည်း မျှော်လင့်နေကြတယ်။

အဘိုးကြီးက လျှောက်ကြည့်လို့လဲ ပြီးရော ... သူ့အိတ်ထဲက တူသေးသေးလေးတစ်ခုကိုထုတ်လိုက်သတဲ့။ ပြီးတော့ နေရာတနေရာကို ဖြေးဖြေးချင်း တူနဲ့ထုတယ်။

ချက်ချင်းပဲ .. သင်္ဘောရဲ့စက်က ပြန်လည်ပတ်လာသတဲ့။ အဲတော့မှ အဘိုးကြီးလဲ သူ့တူကို သူ့အိတ်ထဲ ပြန်ထည့်လိုက်တယ်။ သင်္ဘောရဲ့စက်လဲ ပြန်ပြီး ကောင်းမွန်သွားပါသတဲ့။

တစ်ပတ်လောက်လဲကြာရော ... သင်္ဘောပိုင်ရှင်တွေကို အဘိုးကြီးဆီက ဒေါ်လာ တစ်သောင်း ဘီလ်တောင်းတဲ့ စာရောက်လာတယ်။

ဘီလ်စာရွက်ကိုဖတ်ပြီးရော "အမလေး ...." ဆိုပြီး အလန့်တကြားဖြစ်ကုန်ကြသတဲ့။ "သူဘာမှ ခက်ခက်ခဲခဲလုပ်လိုက်ရတာလဲ မရှိပဲနဲ့ ဒီလောက် ပိုက်ဆံတောင်းရမလား" ဆိုပြီး မကျေမနပ်ပြောကြတယ်။

ဒါကြောင့် သူတို့တိုင်ပင်ပြီး အဘိုးကြီးဆီကို "ကျေးဇူးပြုပြီး ဘီလ်တောင်းခံပုံ အသေးစိတ် စာရင်းပြန်လည်ပို့ပေးပါ" ဆိုပြီး စာတစ်စောင် ပြန်ပို့လိုက်သတဲ့။

အဲတော့ အဘိုးကြီးလည်း သူတို့တောင်းတဲ့အတိုင်း စာရင်းပြန်ပို့လိုက်တာကတော့ ...

"တူနဲ့ထုပေးခြင်းအတွက် .........................................၂ ဒေါ်လာ
ဘယ်နေရာကို တူနဲ့ထုရမလဲဆိုတာ သိခြင်းအတွက်.............. ၉၉၉၈ ဒေါ်လာ" တဲ့ကွယ်...။

"ကြိုးစားအားထုတ်ခြင်းဟာ ဘ၀အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ... ဘယ်နေရာမှာ (သို့) ဘယ်လိုကိစ္စတွေမှာ ကြိုးစားအားထုတ်မှုကို သုံးစွဲရမယ်ဆိုတာကို သိခြင်းကတော့ အရေးအကြီးဆုံးဖြစ်ပါတယ်။"

(The value of knowledge ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်)

Translated by အလင်္ကာမေကျော်

No comments:

Post a Comment