Tuesday, September 3, 2013

ပျော်ရွှင်မှုအတွက် အချိန်ပေးကြမယ် ^_^


ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ...

အလွန်သန်မာတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ သစ်ကုန်သည် တစ်ယောက်ဆီမှာ အလုပ်လုပ်ဖို့သွားတောင်းတာ အလုပ်လုပ်ခွင့် ရသွားသတဲ့ ...။

လုပ်ခလစာကလဲ အတော်လေးကိုကောင်းတယ်။ အလုပ်လုပ်ရမယ့် နေရာလေးကလဲ အဆင်သင့်လေတော့ သစ်ခုတ်သမားလဲ လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးကြိုးစားပြီးလုပ်မယ်လို့ ဆုံးဖြတ်ထားသတဲ့ ..။ အလုပ်လုပ်တဲ့နေ့မှာ ... သူ့သူဌေးက သူ့ကို ပုဆိန်တစ်ခုပေးပြီး သူလုပ်ရမယ့် နေရာကို လိုက်ပြသတဲ့ ...။

ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ပင်ကို ခုတ်လှဲနိုင်သတဲ့ ...။

အဲတော့ သူ့သူဌေးက "မင်းကိုတော့ချီးကျူးတယ်ကွာ .. ဒီလိုပဲ ကြိုးစားပြီး အလုပ်လုပ်စေချင်တယ်" လို့ပြောသတဲ့ ..။



သူဌေးရဲ့ စကားက သစ်ခုတ်သမားကို တွန်းအားဖြစ်စေပြီးတော့ နောက်ရက်မှာ ပိုပြီးကြိုးစား လုပ်ကိုင်သတဲ့။ ဒါပေမယ့် အဲဒီ့နေ့မှာ ၁၅ပင်ပဲ ခုတ်လှဲနိုင်ခဲ့တယ်။
တတိယမြောက်နေ့မှာလဲ ပိုပြီး ကြိုးစားတယ် .. ဒါပေမယ့် ၁၀ပင်ပဲ ရသတဲ့ ..။
တစ်ရက်ပြီး တစ်ရက် ခုတ်လှဲလို့ရတဲ့ အပင်တွေက ပိုပိုနည်းလာသတဲ့ ...။

"ငါ့ရဲ့အင်အားတွေ လျှော့နေတာပဲဖြစ်ရမယ်" ဆိုပြီး သစ်ခုတ်သမားကတွေးပြီး သူ့သူဌေးဆီ သွားပြီးတော့ တောင်းပန်သတဲ့ ..။

"ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဘာဖြစ်မှန်းနားတောင်မလည်နိုင်တော့ပါဘူးဗျာ" ဆိုပြီးတော့ပေါ့။

အဲတော့ သူ့သူဌေးက ...
"မင်းရဲ့ပုဆိန်ကို ဘယ်နေ့တုန်းက နောက်ဆုံးသွေးခဲ့သလဲ" ဆိုပြီး ပြန်မေးတယ် ..။

အဲတော့ သစ်ခုတ်သမားက ...
"ဗျာ ....သွေးတာ ... ကျွန်တော့မှာ ပုဆိန်သွေးဖို့တောင် အချိန်မရပါဘူးဗျာ ... ကျွန်တော့မှာ အပင်ခုတ်ဖို့ကို ကြိုးစားနေရတာနဲ့ အားကိုမအားနိုင်ပါဘူး ........" လို့ ပြန်ဖြေသတဲ့ ...။

Author: Stephen Covey
From: 7 Habits of Highly Effective People

ဒီပုံပြင်လေးကိုဖတ်တဲ့အချိန်မှာ ကျွန်မတို့လက်တွေ့ဘ၀တွေနဲ့ နှိုင်းယှဉ်ပြီးတော့ တွေးစရာတော်တော်များများရခဲ့ပါတယ်။ ကျွန်မတို့ဟာ ကိုယ့်အလုပ်မှာပဲ ဖြစ်ဖြစ်၊ ကျောင်းစာတစ်ခုခုမှာဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းလုပ်ရာမှာပဲ ဖြစ်ဖြစ် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားကြပါတယ်။ အဲလို ရည်မှန်းချက် ပြည့်ဖို့ ကြိုးစားတာဟာ အလွန်တရာကောင်းမွန်ပါတယ်။
သို့သော် ကျွန်မတို့ဘ၀ရဲ့ အရေးအကြီးဆုံးအရာများကို မေ့လျှော့နေဖို့တော့ မဖြစ်သင့်ဘူးပေါ့နော် ..။ ဥပမာ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတာ၊ မိသားစုကို အချိန်ပေးတာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ကြတာ၊ စာကောင်းပေမွန်များကို ဖတ်ရှုတာ၊ ကိုယ်ဝါသနာပါရာ ကိစ္စရပ်များကို လုပ်ဆောင်တာ ... စသဖြင့်ပေါ့။
လူတစ်ယောက်ဟာ ဒီလိုမျိုး အရေးကြီးဆုံးကိစ္စရပ်များကို အချိန်မပေးခဲ့ရင် ... အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်မှုတွေ ဆိတ်သုံးလာမယ်၊ အထီးကျန်ဆန်လာမယ်၊ ဥာဏ်ရည်ထက်မြက်မှုတွေ လျှော့ကျလာမယ် ...၊ နောက်ဆုံးမှာ စွမ်းဆောင်နိုင်စွမ်းတွေပါ ကျဆင်းလာနိုင်ပါတယ်။
ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ပုဆိန်လေးတွေကို ထက်မြက်အောင် သွေးဖို့အတွက် ကြိုးစားပြီးအချိန်ပေးကြရအောင်ပါလားရှင် ...။

(အလင်္ကာမေကျော်)

No comments:

Post a Comment