Wednesday, September 4, 2013

သူငယ်ချင်းကောင်း

ပုံပြင်လေးတစ်ပုဒ်လောက်ပြောပြမယ်နော် ...။

သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုကိုဖြတ်ပြီး လမ်းလျှောက်သွားနေကြသတဲ့ ...။ သွားရင်း သွားရင်း ခရီးတစ်နေရာကိုလည်းရောက်ရော သူတို့နှစ်ယောက် စကားအခြေအတင်များစရာကိစ္စတစ်ခုနဲ့ ကြုံရသတဲ့ ...။ ရန်တွေဖြစ်ကြရင်းနဲ့ တစ်ယောက်က နောက်တစ်ယောက်ရဲ့ မျက်နှာကို ပိတ်ရိုက်လိုက်တယ်တဲ့ ....။

အရိုက်ခံလိုက်ရတဲ့တစ်ယောက်က တော်တော်နာသွားတာပေါ့ ... ဒါပေမယ့် ဘာမှဆက်မပြောတော့ပဲ ... သဲပေါ်မှာ စာတစ်ကြောင်းကို ရေးလိုက်သတဲ့ ..။
"ဒီနေ့ ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့မျက်နှာကိုရိုက်ခဲ့တယ်"



သူတို့ဆက်သွားကြရင်းနဲ့ အိုအေစစ်တစ်ခုဆီကိုရောက်သွားခဲ့ကြတယ် ..။ ရောက်တော့ အပမ်းဖြေရင်း ရေချိုးကြမယ်ဆိုပြီး လုပ်ကြတယ် ...။ အဲဒီ့မှာ အရိုက်ခံရတဲ့တစ်ယောက်က ရွှံနွံတွေရှိတဲ့နေရာကို ခြေချော်ကြသွားပြီး နစ်မလိုဖြစ်သွားတယ် ... ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို ကယ်လိုက်တယ် ...။ အဖြစ်အပျက်တွေလဲပြီးသွားရော .. အရိုက်ခံရတဲ့တစ်ယောက်ဟာ အနီးအနားမှာရှိတဲ့ ကျောက်တုံးပေါ်မှာ စာရေးသတဲ့ ....။
"ဒီနေ့ ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့အသက်ကိုကယ်တင်ပေးခဲ့တယ်"

အဲတော့ ရိုက်ခဲ့ပေမယ့် သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ တစ်ယောက်က "ငါမင်းကို နာအောင်လုပ်ခဲ့တုန်းက မင်းက သဲပေါ်မှာ စာရေးခဲ့တယ် ... အခုတော့ ကျောက်တုံးပေါ်မှာ ရေးတယ် ... ဘာဖြစ်လို့လဲ?" လို့မေးသတဲ့ ...။

"တစ်စုံတစ်ယောက်ဟာ မင်းကိုနာကျင်အောင်လုပ်ခဲ့ရင် သဲပေါ်မှာပဲ ရေးလိုက်ပါ .... ခွင့်လွှတ်ခြင်းဆိုတဲ့ လေဟာ အဲဒီ့အရာကို ပျောက်ပြယ်သွားအောင် လုပ်ပေးပါလိမ့်မယ် ..."
"ဒါပေမယ့် မင်းကို ကောင်းခဲ့တာများရှိရင်တော့ ... ကျောက်တုံးပေါ်မှာ ကဗျည်းထိုးလိုက်ပါ ... ဘယ်လေ ကမှ ဒါကို ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး ..."

[Having a Best Friend ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်]
translated by အလင်္ကာမေကျော်

No comments:

Post a Comment