Tuesday, September 3, 2013

မိန်းမဆိုတာ


အမျိုးသမီးများအတွက် အိမ်ထောင်ဘက် ခင်ပွန်းသည်များ ရောင်းချပေးသည့် စတိုးဆိုင်တစ်ဆိုင် ဖွင့်လှစ်လျှက်ရှိပါတယ် ...။

အဲဒီ့စတိုးဆိုင်ကို အထပ် ၆ထပ်ဖြင့် ဖွဲ့စည်းထားပြီး အပေါ်တစ်ထပ်ချင်းဆီသို့ တက်လာလေလေ ရောင်းချမည့် အမျိုးသားများရဲ့ အရည်အသွေးတွေက မြင့်မားလာလေလေပါ ...။ ၀ယ်သူများဟာ မိမိကြိုက်နှစ်သက်ရာ အထပ်ကိုတက်သွားပြီး အမျိုးသားများကို ၀ယ်ယူနိုင်ပါတယ် ...။ ဒါပေမယ့် အပေါ်တစ်ထပ် တက်ပြီးရင်တော့ အောက်ပြန်ဆင်းပြီး ၀ယ်ယူခွင့် မရှိတော့ပါဘူး ...။

အမျိုးသမီးတစ်ယောက်ဟာ သူမ စိတ်ကြိုက် ခင်ပွန်းသည်တစ်ယောက်ကို ရွေးချယ်ဝယ်ယူရန် အဲဒီ့စတိုးဆိုင်ကို သွားပါတယ် ..။

ပထမအထပ်ကိုရောက်သွားတဲ့အခါမှာ တံခါးမှာ ဆိုင်းဘုတ်တစ်ခုရေးထားပါတယ် ...။



"ပထမအထပ် - ဤအထပ်ရှိ အမျိုးသားများအားလုံးသည် အလုပ်အကိုင်ကိုယ်စီရှိကြသည်။"

အမျိုးသမီးဟာ ဆိုင်းဘုတ်ကို ဖတ်ပြီး သူ့ဟာသူ စဉ်းစားတယ် ... "အင်းးးး ဒီလိုသာ ဆိုရင်တော့ ငါ့အရင်ရည်းစားထက်တော့ သာတာ အမှန်ပဲ ... ဒါပေမယ့် နောက်တစ်ထပ်မှာ ဘယ်လိုယောက်ျားတွေရှိလဲ ထပ်တက်ကြည့်ဦးမယ်"
အဲလိုနဲ့ နောက်တစ်ထပ်ကို ဆက်တက်သွားတယ်တဲ့ ...။

ဒုတိယအထပ်မှာရှိတဲ့ ဆိုင်းဘုတ်ကတော့ ဒီလိုပါ။

"ဒုတိယအထပ် - ဤအထပ်ရှိ အမျိုးသားများအားလုံးသည် အလုပ်အကိုင်ကိုယ်စီရှိကြသည့်အပြင် ကလေးငယ်များကိုလည်း ချစ်တတ်ကြသည်"

အဲတော့ အမျိုးသမီးကဖတ်ပြီး "ဟယ် ..ကောင်းထှာဟယ် ... ဒါပေမယ့် နောက်တစ်ထပ်မှာ ဘယ်လိုအမျိုးအစားတွေဆက်ရှိလဲ တက်ကြည့်ဦးမှ" ဆိုပြီး နောက်တစ်ထပ်ကို ထပ်တက်သွားပြန်ရောတဲ့ ...။

တတိယအထပ်မှာရှိတဲ့ ဆိုင်းဘုတ်ကတော့ ...

"တတိယအထပ် - ဤအထပ်ရှိ အမျိုးသားများအားလုံးသည် အလုပ်အကိုင်ကိုယ်စီရှိကြသည့်အပြင် ကလေးငယ်များကိုလည်း ချစ်တတ်ကြသည်။ ထို့အပြင် အလွန်တရာ ချောမောပြီး ယောက်ျားပီသကြသည်"

အဲတော့ အမျိုးသမီးစိတ်ထဲမှာ "အယ် .... မိုက်တယ်တော့ ... အို ... ဘာပဲဖြစ်ဖြစ် ... အပေါ်ထပ်မှာ ဒီ့ထက်ကောင်းတာရှိဦးမှာပဲ .. တက်ဦးမယ်" ဆိုပြီး ထပ်တက်သွားပြန်သတဲ့ ...။

စတုတ္ထအထပ်ရဲ့ ဆိုင်းဘုတ်က ....

"စတုတ္ထအထပ် - ဤအထပ်ရှိ အမျိုးသားများအားလုံးသည် အလုပ်အကိုင်ကိုယ်စီရှိကြသည်။ ကလေးများကိုလည်း ချစ်တတ်သည်။ အလွန်တရာ ချောမောပြီး ယောက်ျားပီသကြသည့်အပြင် အိမ်အလုပ်များကိုလည်း ကူညီလုပ်ပေးကြသည်"

အဲတော့ အမျိုးသမီးက "၀ိုးးးးး .... ကောင်းလိုက်ပါပေ့ ..... လိုချင်လိုက်တာဟယ် ... ဒါပေမယ့် အပေါ်ထပ်မှာ ရွေးစရာတွေ ရှိသေးတာပဲ တက်ကြည့်ဦးမှ" ဆိုပြီးတော့ အပေါ်ကို ထပ်တက်သွားပြန်ရောတဲ့ ...။

ပဉ္စမအထပ်က ဆိုင်းဘုတ်ကတော့ ....

"ပဉ္စမအထပ် - ဤအထပ်ရှိ အမျိုးသားများအားလုံးသည် အလုပ်အကိုင်ကိုယ်စီရှိကြသည်။ ကလေးများကိုလည်း ချစ်တတ်သည်။ အလွန်တရာ ချောမောပြီး ယောက်ျားပီသကြသည့်အပြင် အိမ်အလုပ်များကိုလည်း ကူညီလုပ်ပေးကြသည်။ ထို့ပြင် အလွန် romantic ဆန်သောသူတစ်ယောက်လည်း ဖြစ်ပါသည်။"

အမျိုးသမီး စိတ်ထဲမှာ ဘုရားပွဲလှည့်သွားတယ် "အိုးးး ငါ့ကိုလဲ ကြင်နာမယ့်သဘောပဲ ... ဒါပေမယ့် စဉ်းစား ... စဉ်းစား ... အပေါ်ဆုံးထပ်မှာ အကောင်းဆုံးကတော့ စောင့်နေမှာပဲ ... " ဆိုပြီး ဆဌမအထပ်ကို ဆက်တက်သွားတယ် ...။

ဆဌမအထပ်လဲရောက်ရော ဆိုင်းဘုတ်ကိုဖတ်လိုက်တော့ ....

"ဆဌမအထပ် - သင်ဟာဒီအထပ်ကိုရောက်ရှိလာတဲ့ 6,875,953,012 ယောက်မြောက် ဧည့်သည် ဖြစ်ပါတယ်။ ဒီအထပ်မှာ ရောင်းရန်အမျိုးသားများ တစ်ယောက်မှ မရှိပါ။ ဒီအထပ်ကို ထည့်သွင်းထားရခြင်းဟာ အမျိုးသမီးများသည် ရွေးချယ်မှုတစ်ခုပြုလုပ်ရာတွင် မည်သည့်အခါမှ ပြီးပြည့်စုံသော စိတ်ကျေနပ်မှုရရှိရန် မဖြစ်နိုင်ကြောင်းကို သက်သေပြရန်သာဖြစ်ပါသည်။" တဲ့ .....။

[ခွိခွိ ခွိ..........]

Translated by အလင်္ကာမေကျော်

No comments:

Post a Comment