Wednesday, September 4, 2013

သားဖြစ်သူရဲ့စေတနာ


တစ်ခါတုန်းကပေါ့ ....
အဘိုးကြီးတစ်ယောက်ဟာ တောရွာလေးတစ်ရွာမှာ နေထိုင်သတဲ့ ...။ သူ့မှာ ဆွေမျိုးဆိုလို့ သားတစ်ယောက်သာရှိပေမယ့် အဲဒီ့ သားဖြစ်သူကလည်း ထောင်ကျနေသတဲ့ ..။

တစ်နေ့မှာ အဘိုးကြီးဟာ သူ့သားဆီကို စာရေးတယ် ..။

"သား ...
အဖေ ဒီနှစ် ခြံထဲမှာ ခရမ်းချဉ်စိုက်ဖို့ မဖြစ်နိုင်တော့လို့ စိတ်ညစ်နေရတယ်သားရယ် ..။ အဖေကလဲ အသက်ကကြီးပြီ ကျန်းမာရေးကလည်း သိပ်မကောင်း ဆိုတော့ အပင်စိုက်ဖို့အတွက် မြေတူးဆွဖို့ ဆိုတာကလဲ မလုပ်ကိုင်နိုင်တော့ဘူး..။ သားသာ အဖေ့အနားမှာရှိရင် ခုလို ဒုက္ခတွေဖြစ်မှာ မဟုတ်ဘူးကွယ်..။

သားရဲ့အဖေ ...."


သိပ်မကြာခင်ပဲ အဘိုးကြီးဟာ သူ့သားဆီက အောက်ပါအတိုင်း ကြေးနန်းတစ်စောင် ပြန်ရခဲ့တယ် ...။

"အဖေရေ ....
သားတို့ခြံထဲမှာ ဘာမှသွားမတူးနဲ့နော် ...။ ကျွန်တော်အဲဒီ့မှာ လက်နက်တွေမြှုပ်ထားတယ်ဗျ! "

နောက်နေ့ မနက် ၄နာရီလောက်လဲရောက်ရော .. FBI ကလူတွေရယ်၊ နယ်မြေခံရဲတွေရယ် အလုံးအရင်းနဲ့ရောက်လာပြီး ခြံထဲမှာ မြှုပ်ထားတယ်ဆိုတဲ့ လက်နက်တွေကို တူးပြီးရှာကြတာပေါ့ ...။ ဒါပေမယ့် ဘာလက်နက်မှမတွေ့ဘူးတဲ့ ...။

အဘိုးကြီးလည်း နားမလည်နိုင်တော့တာနဲ့ သူ့သားဆီကို ဘာဖြစ်တာလဲဆိုတာမေးဖို့ နောက်ထပ်စာတစ်စောင်ပို့သတဲ့ ...။ ပြီးတော့ သူဘာဆက်လုပ်ရမလဲဆိုတာလဲ မေးထားတာပေါ့လေ ...။

အဲဒီ့မှာ သားဖြစ်သူ စာပြန်လိုက်တာက-

"အဖေ ...
အဖေ အခုဆို ခရမ်းချဉ်စိုက်လို့ရပြီလေ ...။ သား ဒီကနေ အဖေ့အတွက် ဒီလောက်ပဲလုပ်ပေးနိုင်လို့ပါ အဖေ...။" တဲ့ ...။

author & title : unknown
(အလင်္ကာမေကျော်)

No comments:

Post a Comment