Wednesday, September 4, 2013

ကောင်းကင်ဘုံ နှင့် ငရဲပြည်

တစ်နေ့မှာ ... သူတော်စင်တစ်ယောက်ဟာ ဘုရားသခင်နဲ့ စကားပြောခွင့်ရခဲ့ပြီး "အရှင်ဘုရား၊ ကျွန်တော် ကောင်းကင်ဘုံနဲ့ ငရဲပြည်ဟာ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာကို သိလိုပါတယ်။" လို့လျှောက်တင်သတဲ့ ..။

အဲဒီ့မှာ ဘုရားသခင်က သူတော်စင်ကြီးကို တံခါးနှစ်ခုကို ညွှန်ပြတယ်...။
ပြီးတော့ တံခါးနှစ်ခု အနက်က တစ်ခုကို ဖွင့်ပေးလိုက်ပြီး သူတော်စင်ကြီးကို အထဲကို ၀င်စေသတဲ့ ..။

အခန်းကျယ်ကြီးထဲကို လျှောက်သွားရင်း အခန်းအလယ်လောက်မှာ အလွန်ကြီးမားတဲ့ စားပွဲကြီးတစ်လုံးကို တွေ့ရသတဲ့ ...။ စားပွဲရဲ့ အလယ်မှာ အလွန်မွှေးကြိုင်ပြီးအရသာရှိလှတဲ့ဟင်းကို ထည့်ထားတဲ့ အိုးကြီးကို တင်ထားသတဲ့ ...။



သူတော်စင်ကြီးလည်း အနံ့ရတာနဲ့တင် စားချင်လာမိသတဲ့ ...။

ဒါပေမယ့် အဲဒီ့စားပွဲမှာ ထိုင်နေကြတဲ့ လူတွေဟာ ပိန်လှီပြီး ချိနဲ့နေတဲ့ ပုံတွေဖြစ်နေကြတယ်...။ သူတို့ကို ကြည့်ရတာ အတော်ဆာလောင်မွတ်သိပ် နေတဲ့ပုံလည်း ရသတဲ့ ...။ တစ်ယောက်ချင်းစီရဲ့ လက်မောင်းရင်းအထိ လက်ကိုင်ရိုး တော်တော်လေးကိုရှည်တဲ့ ဇွန်းကို စည်းချည်ထားကြတာကို မြင်တွေ့ရတယ်...။ အားလုံးရဲ့ ဇွန်းတွေဟာ ဟင်းအိုးကို လှမ်းခပ်နိုင်လောက်အထိ ရှည်လျားတယ် ...။ ဒါပေမယ့် သူတို့ ပါးစပ်နားရောက်တဲ့အထိ ဇွန်းကို ပြန်ယူလာဖို့ကတော့ မဖြစ်နိုင်ဘူးလေ ...။
သူတော်စင်ကြီးလည်း ကိုယ့်မျက်စိရှေ့မှာ ဒီလို ဆင်းရဲဒုက္ခရောက်နေကြတာ မြင်ရတော့ တော်တော်လေးကို တုန်လှုပ်မိသွားသတဲ့ ...။
အခန်းထဲက ပြန်ထွက်လာတော့ ဘုရားသခင်က "မင်းအခု ငရဲကိုတွေ့ခဲ့ရတာပဲ" လို့မိန့်ကြားသတဲ့ ...။

့ပြီးတဲ့နောက်မှာ ကျန်တဲ့ နောက်တစ်ခန်းကို ထပ်ဝင်ခိုင်းသတဲ့ ...။ အဲဒီ့အခန်းကလဲ ခုနက ၀င်ခဲ့တဲ့ အခန်းနဲ့ တိတိကျကျကို တူညီသတဲ့ ...။ စားပွဲခုံကြီးလည်း ရှိတယ် ...။ အလယ်မှာ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဟင်းအိုးကြီးကိုလဲ တင်ထားသတဲ့ ...။ လူတွေတစ်ယောက်ချင်းစီရဲ့ လက်မောင်းမှာလည်း ခုနကလို အရိုးတော်တော်ရှည်တဲ့ ဇွန်းတွေကို တပ်ဆင်ထားခံရတယ်တဲ့ ...။ ဒါပေမယ့် ဒီအခန်းက လူတွေက အာဟာရနဲ့ ပြည့်စုံပြီး လန်းဆန်းတက်ကြွနေကြသတဲ့ ...။ ပြီးတော့ ရယ်ရင်းမောရင်း စကားပြောဆိုနေကြတယ်တဲ့ ...။

အဲဒါကိုမြင်တော့ သူတော်စင်ကြီးက ဘုရားသခင်ကို "ကျွန်တော်တော့ နားမလည်နိုင်တော့ဘူး" လို့ပြောသတဲ့ ...။

အဲတော့ ဘုရားသခင်က ပြန်ဖြေတယ်။
"ရိုးရိုးလေးပါပဲကွယ် .... ဒီနေရာမှာ ရောက်နေတဲ့လူတွေအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကျွေးမွေးစောင့်ရှောက်ရမလဲ ဆိုတာကို ကောင်းကောင်းသိကြတယ်လေ" တဲ့ ...။

Title : Heaven and Hell
Author : Unknown

(အလင်္ကာမေကျော်)

No comments:

Post a Comment