Thursday, September 19, 2013

လိပ်ပြာဖြစ်စဉ်


ဇီဝဗေဒဘာသာရပ် သင်ကြားတဲ့ ဆရာတစ်ယောက်ဟာ ကျောင်းသားတွေကို ပေါက်ဖတ်ကနေ လိပ်ပြာအဖြစ် ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို လက်တွေ့ သင်ကြားနေပါတယ် ...။
ဆရာက နောက်နာရီအနည်းငယ်လောက်ကြာရင် လိပ်ပြာလေးဟာ ပိုးအိမ်ထဲ ကနေ ရုန်းကန်ပြီး ထွက်လာမယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေကို ရှင်းပြခဲ့ပါတယ် ...။
ပြီးတော့ .. "လိပ်ပြာဟာ သူ့ဟာသူ ပိုးအိမ်ထဲက ထွက်လာနိုင်တယ်ဆိုတဲ့အကြောင်း၊ ဘာမှကူညီပေးဖို့မလိုဘူးဆိုတဲ့အကြောင်း" ကို ကျောင်းသားတွေကို ပြောပြီး အခန်းထဲက ခေတ္တထွက်သွားခဲ့ပါတယ် ..။


ကျောင်းသားတွေဟာ ဘယ်လိုတွေများဖြစ်လိမ့်မလဲဆိုပြီး ပိုးအိမ်လေးကိုကြည့်ပြီး စောင့်ဆိုင်းနေကြတာပေါ့ ...။
အဲဒီ့အချိန်မှာပဲ ... လိပ်ပြာလေးဟာ ပိုးအိမ်ထဲကနေ တိုးဝှေ့ရုန်းကန်ပြီးထွက်ဖို့ ကြိုးစားစပြုလာပါတယ် ...။ ကျောင်းသားအားလုံးကလည်း စိတ်ပါဝင်စားစွာကြည့်နေကြတာပေါ့ ...။
အဲဒီ့အချိန်မှာ တစ်ယောက်သော ကျောင်းသားလေးဟာ လိပ်ပြာလေး ဒီလောက် ပင်ပန်းဆင်းရဲစွာနဲ့ ရုန်းကန်နေရတာကိုမြင်ရတော့ သနားစိတ်ဝင်လာပြီး ဆရာ့စကားကို နားမထောင်ပဲ ပိုးအိမ်ထဲက အလွယ်တကူ ထွက်နိုင်ဖို့ လိပ်ပြာလေးကို ကူညီပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ...။
ပိုးအိမ်ကို လက်နဲ့ ဖြေပေးလိုက်တော့ ... လိပ်ပြာလေးဟာ ဘာမှ ကြိုးစားရုန်းကန်စရာမလိုပဲ ပိုးအိမ်လေးထဲက ထွက်လာနိုင်ပါတယ် ...။
ဒါပေမယ့် ခဏအကြာမှာပဲ လိပ်ပြာလေး သေဆုံးသွားခဲ့ပါတယ် ...။

ဆရာလည်း ပြန်ရောက်လာရော ... ဘာဖြစ်လို့လဲဆိုပြီး မေးမြန်းတယ် ...။
အကြောင်းရင်းလဲသိရရော .. လိပ်ပြာလေးကို ကူညီဖို့ ကြိုးစားတဲ့ ကျောင်းသားနဲ့ ကျန်တဲ့ကျောင်းသားတွေကို ရှင်းပြခဲ့တယ် ...။
ကျောင်းသားရဲ့ လုပ်ရပ်ဟာ ကူညီရာမကျပဲ ဘာကြောင့် လိပ်ပြာလေးကို သေသွားစေတာလဲ ဆိုတော့ ...
ပိုးအိမ်ထဲက ကြိုးစားရုန်းကန်ထွက်လာခြင်းဟာ လိပ်ပြာလေးရဲ့ အတောင်တွေ ကြီးထွားဖွံ့ဖြိုးဖို့၊ ကြံ့ခိုင်ဖို့အတွက် လုပ်ငန်းတစ်ရပ်အဖြစ် သဘာဝတရားက ဖန်တီးပေးထားလို့ပါပဲ ...။
ကျောင်းသားရဲ့ လုပ်ရပ်ဟာ လိပ်ပြာကို ဒီလိုရုန်းကန်မှုတွေ လုပ်ဆောင်ဖို့ ပိတ်ပင်လိုက်သလိုဖြစ်သွားတဲ့အတွက် လိပ်ပြာလေးသေသွားခဲ့ရတာပါ ...။

ဒီဖြစ်ရပ်ကိုကြည့်ပြီး ကျွန်မတို့ရဲ့ ဘ၀တွေအတွက် သင်ခန်းစာယူစရာလေးတစ်ခုရှိပါတယ် ...။
လောကမှာ ကြိုးစားမှုမရှိပဲ ထိုက်တန်တဲ့အကျိုးရတယ် ဆိုတာ ရှားပါးပါတယ် ...။

ယနေ့ အောင်မြင်သူတော်တော်များများရဲ့ အတိတ်ကိုပြန်ကြည့်လိုက်ပါ ...။ သူတို့တွေ ဘ၀နာခဲ့ရတာတွေ၊ ရုန်းကန်ခဲ့ရတာတွေကို တွေ့ရပါလိမ့်မယ် ...။

တချို့မိဘတွေဟာ ကိုယ့်သားသမီးတွေကို ချစ်လွန်းတဲ့အတွက် အစစအရာရာ လိုလေသေးမရှိဖြည့်စည်းကြတယ် ...။ ဒါပေမယ့် ဒါဟာ တခါတလေတော့ ချစ်ရာမရောက်ပဲ နှစ်ရာရောက်စေနိုင်တယ် ...။
ဘာကြောင့်လဲဆိုတော့ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုကို ထုတ်မသုံးခဲ့ဘူးဆိုရင် ခွန်အားဆိုတာလည်း ဖြစ်လာမှာမဟုတ်နိုင်ဘူးလေ ...။

(အလင်္ကာမေကျော်)

No comments:

Post a Comment